ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (နောက်ဆုံးမူကြမ်း) ကို ထုတ်ပြန်ကြေညာအပ်ပါသည်။
PDF File ကို ဒီမှာယူပါ။
https://bit.ly/prcf2024fcfd
နိဒါန်း
ဖက်ဒရယ်ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် လွတ်လပ်မှု၊ တန်းတူမှု၊ တရားမျှတမှုတည်းဟူသော လောကပါလတရားကို ဦးထိပ်ထားလျက် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ မွေးရာပါ အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာတို့ကို လေးစားအသိအမှတ်ပြုသော ပြည်ထောင်စု၏ စံတန်ဖိုးများ၊ အခြေခံမူများဖြင့် ငြိမ်းချမ်းသာယာဝပြော၍ ထာဝစဉ် အဓွန့်ရှည် တည်တံ့ခိုင်မြဲမည့် ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းညီညာ တည်ဆောက်အံ့သောငှာ ဤဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းအပ်ပေသည်။
၁၉၄၇ ခုနှစ်တွင် ဖက်ဒရယ်ရှမ်းပြည်ရှိ ပင်လုံမြို့၌ ဗမာပြည်မနှင့် တောင်တန်းဒေသခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပြီး ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရန် သဘောတူခဲ့ကြသည်။
ပူးပေါင်းဆောင်ရွက်ခြင်းသည် ပဋိပက္ခဖြစ်ခြင်းထက် ကောင်းမွန်သည်ဟုလည်းကောင်း၊ စည်းလုံးညီညွတ်ခြင်းသည် အစိတ်စိတ်အပိုင်းပိုင်းဖြစ်ခြင်းထက် ကောင်းမွန်သည်ဟုလည်းကောင်း၊ လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ပေးခြင်းသည် မမျှမတ ပြုမူဆက်ဆံခံရခြင်းထက် သာလွန်သည်ဟုလည်းကောင်း၊ ပေါင်းကူးတံတားများသည် နံရံအတားအဆီးများထက် သာလွန်ကောင်းမွန်သည်ဟုလည်းကောင်း ယုံကြည်ခဲ့ကြသည်။
ဤယုံကြည်ချက်တို့သည် ရိုးရှင်းလွန်းသော်ငြား လွန်စွာမှ စွမ်းအားရှိပေသည်။ မိမိတို့သည် အတူတကွ စုပေါင်းတည်ရှိခြင်းဖြင့် ပိုမိုသန်စွမ်းကြမည်ဟု ယုံကြည်ခဲ့ကြသည်။
မိမိတို့သည် ဖက်ဒရယ်စနစ်ကသာလျှင် ပြည်ထောင်စု၏ အရင်းခံပဋိပက္ခများအား ဖြေရှင်းနိုင်မည်ဟု ယုံကြည်သည်။ မိမိတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism) ကို ယုံကြည်လက်ခံ ကျင့်သုံးမည်။
ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုအား စုပေါင်းတည်ထောင်ခဲ့သည့် နိုင်ငံ့ခေါင်းဆောင်များ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံမူတို့အပေါ်တွင် အခြေခံသည်။ ၁၉၆၁ ခုနှစ် ပြည်နယ်ပေါင်းစုံညီလာခံတွင် ချမှတ်အတည်ပြုခဲ့သည့် ပြည်ထောင်စုစစ်စစ်မူကို အခြေခံသည်။
မိမိတို့သည် ပြည်သူတို့ကို နိုင်ငံ၏ ရှင်သန်မြဲ သဘာဝစွမ်းအားအရင်းအမြစ်များအဖြစ် မှတ်ယူသည်။ ကောင်းမွန်သော ပညာရေးသည် နိုင်ငံအတွက် အလေးထားရမည့် အခြေခံလူ့အခွင့်အရေးဖြစ်သည်ဟု ယုံကြည်သည့်အလျောက် နေရပ်၊ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးကို ဖော်ဆောင်မည်။
နိုင်ငံသားအခွင့်အရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်၊ အမျိုးသမီးအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့် မသန်စွမ်းသူတို့၏ အခွင့်အရေးတို့ကို အာမခံပြီး နိုင်ငံသားတို့၏ လွတ်လပ်ခွင့်အား အကာအကွယ်ပြုရေးတို့ကို ကိုင်စွဲသည်။ နိုင်ငံသားများ၏ အလုပ်နှင့် မိသားစုဘဝ သဟဇာတဖြစ်စေရေး၊ တူညီသောအလုပ်တွင် အမျိုးသား၊ အမျိုးသမီးများ တန်းတူလုပ်ခလစာရရှိရေးနှင့် လုပ်ငန်းမှ ဂုဏ်သိက္ခာရှိရှိ ပင်စင်ရယူနိုင်ရေးကို အာမခံသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ သမိုင်းအမွေအနှစ်များအား တန်ဖိုးထားမြတ်နိုးကာ လူမျိုးပေါင်းစုံ အတူတကွ စုပေါင်းနေထိုင်ခြင်း၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများအား အပြန်အလှန် အသိအမှတ်ပြုလေးစားခြင်းတို့ကို အလေးထား၍ ဂုဏ်ယူစွာ လိုက်နာကျင့်သုံးမည်။
စုံလင်ကွဲပြားမှုကို စံတန်ဖိုးအဖြစ် ခံယူသည့်အလျောက် မတူညီသော အတွေးအမြင်နှင့် ယုံကြည်မှုများအား လက်ခံခြင်း၊ အမြင်မတူသည်များ ရှိခဲ့လျှင်ပင် ပူးပေါင်းလုပ်ကိုင်နိုင်ခြင်း၊ ဘုံသဘောထားများအား ရှာဖွေဖော်ထုတ်ခြင်းတို့ကို ကျင့်သုံးသည်။
အချုပ်အခြာအာဏာ၏ မူလရင်းမြစ်သည် ပြည်သူလူထုဖြစ်ကြောင်း အာမခံသည်။ နိုင်ငံ့အာဏာသည် ပြည်သူတို့၏ လက်ထဲတွင် ရှိကြောင်း အစဉ်သေချာစေရမည်။
ပြည်သူသို့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အခွင့်အရေး၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအား အာမခံသည်။
ဤဖွဲ့စည်းပုံအခြေခံဥပဒေကို စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းအင်အားဖြင့် စုပေါင်းပိုင်ဆိုင်သော ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်လျက် ရေးဆွဲပြဋ္ဌာန်းလိုက်သည်။
PDF File ကို ရယူရန် / ကြည့်ရှုရန်:
https://bit.ly/prcf2024fcfd
ဆက်စပ်ပုံများ
တရားဝင် စာတမ်း
ဤသတင်း/ထုတ်ပြန်ချက်နှင့် သက်ဆိုင်သော အတည်ပြုထားသည့် PRCF စာတမ်းကို အွန်လိုင်းတွင် ကြည့်ရှုနိုင်ပြီး ခွင့်ပြုထားပါက PDF ဖိုင်ကို ရယူနိုင်ပါသည်။